Blogger Widgets
Home » , , , » ပုံပြင်လေးတစ်ပုဒ်

ပုံပြင်လေးတစ်ပုဒ်

တစ်ခါတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့ဗျာ။
တစ်နေ့ကျတော့ သူ့အဖေက သူ့ကို အိမ်ရိုက်သံတစ်ထုပ်ပေးပြီး ပြောပါတယ်။ "မင်း တစ်ခါ စိတ်ဆိုးဒေါသထွက်တိုင်း သံတစ်ချောင်းတစ်ချောင်း နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ပါ" တဲ့။ ကောင်လေးကလည်း အဲဒီလိုပေးတဲ့နေ့ တစ်ရက်တည်းမှာတင် ၀င်းထရံတိုင်မှာ သံအချောင်း ၄၀ လောက် ရိုက်ပစ်လိုက်ပါသတဲ့။ အဲဒီလောက်အထိ ဒေါသကြီးတဲ့လူငယ်ပေါ့ဗျာ။ သူ့ခမျာ နေ့စဉ်ရက်ဆက် ဒေါသထွက်တိုင်း ၀င်းထရံတိုင်မှာ သံတွေ သွားသွားပြီးရိုက်ရတာ အတော်ကြီးကို များလာပါသတဲ့။ ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ် စိတ်တိုတိုင်း သံတွေသွားရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်ကိုသူ ထိန်းနိုင်လာတာပါပဲ။ သံရိုက်တဲ့ အကြိမ်အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ နည်းနည်းလာပါသတဲ့။ တဖြည်းဖြည်းနဲ့ ကောင်လေးက စိတ်တိုတိုင်း ၀င်းထရံမှာ သံတွေပြေးရိုက်တာထက်စာရင် စိတ်မတိုအောင်၊ ဒေါသမဖြစ်အောင် နေရတာက ပိုလွယ်တယ်ဆိုတာ သိလာပါသတဲ့။ နောက်ဆုံးတော့ ဘယ်လောက်အထိ ဖြစ်သွားသလဲဆိုရင် ကောင်လေးအတွက် သံမရိုက်ရတဲ့ နေ့တွေ ရှိလာပါသတဲ့။ သဘောကတော့ ဒေါသမဖြစ်တဲ့၊ စိတ်မတိုတဲ့နေ့တွေ ပိုင်ဆိုင်လာတာပေါ့လေ။
အဲဒါကြောင့် ကောင်လေးဟာ ၀မ်းသာအားရပဲ သူ့အဖေကို ဖွင့်ပြောပါသတဲ့။ "အဖေ... အခုဆိုရင် သားဟာ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်နေပြီဗျ" တဲ့။ အဲဒီတော့ အဖေလုပ်သူက ပြန်ပြောပါတယ်။ "ဒီအတိုင်း မရသေးဘူးကွ၊ ဒီလိုလုပ်၊ မင်းဒေါသမဖြစ်တဲ့နေ့တိုင်း၊ စိတ်မတိုတဲ့နေ့တိုင်း မင်းရိုက်ခဲ့တဲ့ သံတွေထဲက တစ်ရက်ကို တစ်ချောင်းပြန်နုတ်ကွာ" တဲ့။ ကောင်လေးခမျာလည်း နားမလည်နိုင်ရှာဘူးပေါ့။ ဒါပေမယ့် သူ့အဖေစကားကို ယုံကြည်တဲ့အတွက် ဘာမျှတော့ ပြန်မပြောရှာပါဘူး။ ဟုတ်ကဲ့ပေါ့။
ကောင်လေးဟာ ညအိပ်ရာဝင်ခါနီးတိုင်း ဒီနေ့ ငါစိတ်တိုခဲ့သလား၊ ဒေါသထွက်ခဲ့သလား ဆိုတာကို ပြန်စဉ်းစားပြီး ဘာမျှမဖြစ်ခဲ့ဘူးဆိုရင် ၀င်းထရံတိုင်မှာ သူအရင်ရိုက်ခဲ့တဲ့ သံချောင်းတွေထဲက တစ်ချောင်းတစ်ချောင်းစီကို ပြန်ပြန်နုတ်ခဲ့ပါသတဲ့။ ဒီလိုနဲ့ ရက်အတော်ကြာတဲ့အခါကျတော့ ၀င်းထရံတိုင်မှာ သူရိုက်ခဲ့သမျှ သံတွေအားလုံး မရှိတော့ပါဘူး။ ကောင်လေးခမျာလည်း ၀မ်းသာအားရနဲ့ သူ့အဖေဆီကို ပြန်ပြောရတော့တာပေါ့။ "အဖေ၊ ၀င်းထရံတိုင်မှာ ဘာသံမျှ မကျန်တော့ဘူး၊ ကျွန်တော် ကိုယ့်စိတ်ကိုကိုယ် ထိန်းနိုင်သွားပါပြီ" တဲ့။
အဖေလုပ်တဲ့လူက သားဖြစ်သူကို အဲဒီဝင်းထရံတိုင်နားကို ခေါ်သွားတယ်။ ပြီးတော့ ၀င်းထရံတိုင်ကို လက်ညှိုးထိုးပြီး သားဖြစ်သူကို တစ်လုံးချင်းပြောလိုက်တယ်။ "ဒီမှာကြည့် ငါ့သား၊ သားရိုက်ခဲ့တဲ့ သံတွေ တစ်ချောင်းမျှ မရှိတော့ဘူးဆိုတာ မှန်တယ်၊ ဒါပေမယ့် ၀င်းထရံမှာ အပေါက်တွေဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ သားတွေ့လား။ ၀င်းထရံတိုင်ဟာ ဟိုးအရင်နဂိုကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးကွာ။ သားရိုက်ခဲ့၊ နုတ်ခဲ့တဲ့ သံချက်တွေကြောင့် အပေါက်ရာတွေ ဗရပွနဲ့ ကျန်ရစ်ခဲ့ရပြီ။"
အဲဒီလို ပြောလိုက်တဲ့အခါ သားဖြစ်သူခမျာ ကြက်သေသေပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပါသတဲ့။ သူ့အတွေးတစ်ချက်လည်း လင်းသွားပြီး စိတ်မကောင်းတွေလည်း ဖြစ်သွားပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့အဖေက သူ့ကို စကားတစ်ခွန်း ထပ်ပြောပါတယ်။
"ငါ့သား... စိတ်တိုဒေါသထွက်တဲ့အချိန်တုန်းက စိတ်အလိုလိုက်ပြီး အခြားလူတွေအပေါ်မှာ မောက်မောက်မာမာ၊ ရင့်ရင့်သီးသီး၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ဒေါသတကြီးနဲ့ ပြောဆိုခဲ့တာတွေ ရှိမှာပါပဲ။ အေး.. သဘောကတော့ သားရဲ့ ဒေါသစကားလုံး သံချက်တွေကို သူတစ်ပါးရဲ့ စိတ်နှလုံးဝင်းထရံမှာ သွားရိုက်တာပါပဲ။ အခြေအနေ အချိန်အခါတွေအရ သားနဲ့ အခြားလူတွေအကြားမှာ ဘယ်လိုပဲ နားလည်မှုတွေ ပြန်ရှိခဲ့သည်ဖြစ်စေ သူတို့ရင်ထဲက ၀င်းထရံပေါ်မှာတော့ မူလအတိုင်း ဘယ်လော့မှ ပြန်မဖြစ်တဲ့ အပေါက်တွေ ဗရပွနဲ့ ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။ အဲဒါကြောင့် သားအနေနဲ့ နောက်ဆိုရင် ဒေါသသံချောင်းတွေ မရိုက်မိအောင် ကြိုးစားဆင်ခြင်ပါ"
- * - * - *  - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * -
စာကြွင်း
ကျွန်တော်တို့တစ်တွေလည်း သူများတွေအပေါ်မှာ သံချောင်းတွေ ဘယ်လောက်တောင် ရိုက်ပြီးခဲ့ပြီလဲ မသိပါဘူး။ ချစ်ခင်မြတ်နိုး တန်ဖိုးထားရသူတွေအပေါ်မှာ သံချောင်းတွေ မရိုက်မိအောင် ကြိုးစားနေထိုင်သွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားတို့အပေါ်မှာ သံချောင်းတွေ ရိုက်မိခဲ့ရင် ပြန်နုတ်လိုက်ပါတယ်ဗျာ။ မူလအတိုင်း ပြန်မဖြစ်တော့တာကိုတော့ ၀မ်းနည်းမနေတော့ပါဘူး။ နောက်ထပ်သံချောင်းတွေ ထပ်မရိုက်ဖြစ်ဖို့ပဲ ကြိုးစားပါရစေတော့။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊ သောကြာနေ့။
နေ့လည် ၁၂ နာရီ ၂၈ မိနစ်။ 

Written by : Your Name - Describe about you

Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::

0 comments:

Post a Comment

Blogger Widgets