Blogger Widgets
Home » , » တော်ချင်ရင်မပျင်းနဲ့

တော်ချင်ရင်မပျင်းနဲ့

ဆုံးမစာများ၊ ဆုံးမစကားများဟာ တကယ်တော့ ကြားဖူးနားဝရှိတဲ့ စကားများ ဖြစ်ပါတယ်။ ကြားဖူးပြီး နားဝမှာပဲ ရပ်နေတဲ့ အတွက်ခက်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နားဝမှာတင် ရပ်မနေဘဲ ရင်ထဲနှလုံးထဲရောက်အောင် သိမ်းပိုက်ထားမယ်၊ သေသေချာချာ စိတ်ဝင်တစား တွေးတောမယ်၊ လက်တွေ့ကြိုးစား လုပ်ဆောင်ကြည့်မယ်ဆိုလို့ရှိရင် အကျိုးရှိမယ့်စကားများဖြစ်ပါတယ်။ အခုတင်ပြတဲ့ စကားကတော့ ဆုံးမစကားအနေနဲ့ တင်ပြတာ မဟုတ်ပါဘူး။ လက်တွေ့ အသုံးချတဲ့သူများမှာ အကျိုးရှိတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်နေတာ ကြာလာပြီဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးမိလို့ အကျိုးရှိတာကြောင့် တင်ပြလိုက်မိတာဖြစ်ပါတယ်။

ကျွန်မလက်ထဲကို မှတ်သားစရာ စကားတစ်ခုခုကို ရေးပေးပါလို့ စာအုပ်ကလေးတွေထိုးပေးပြီး မေတ္တာရပ်ခံတဲ့ကလေးများ၊ လူငယ်လူရွယ်များရဲ့ စာအုပ်တွေထဲမှာ မဆိုင်းမတွဘဲ "တော်ချင်ရင် မပျင်းနဲ့" ဆိုတဲ့ စကားကလေးကို ကျွန်မရေးချပေးလေ့ရှိပါတယ်။ လူတော်ကလေးတွေ အရေအတွက်များလာဖို့က မိသားစု လူမှုပတ်ဝန်းကျင်ကစပြီး တစ်နိုင်ငံလုံးအထိ အထူးလိုပါတယ်။ မိသားစုထဲမှာ ပတ်ဝန်းကျင်က သိပ်တော်တာပဲလို့ ချီးကျူးတာကို ခံရသူတွေများတယ်ဆိုရင် အဲသည်မိသားစုဟာ ထက်မြတ်တဲ့၊ တိုးတက်တဲ့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ မိသားစုပဲဆိုတာကို သိနားလည်နိုင်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ တော်ခြင်းကို ဖွင့်ဆိုတဲ့နေရာမှာ တော်တည့်မှန်ကန်မှုကို ဖွင့်ဆိုတာဖြစ်ရပါတယ်။ အကုသိုလ်နဲ့ မကင်းတဲ့အလုပ်များကိုလုပ်ပြီး ကြီးပွားလာတဲ့သူများကို တော်လိုက်တာလို့ ချီးမွမ်းတယ်ဆိုရင်တော့ အကြောင်းတရားကောင်း၊ မကောင်းကို မကြည့်ဘဲ အကျိုးရလဒ် ဖြစ်တဲ့ ကြီးပွားခြင်းကို ရှေ့တန်းတင်ပြီး ပြောတာဖြစ်လို့ ရေရှည်မခံနိုင်ပါဘူး။ အဲသည်အချက်က သေချာပါတယ်။

အကြောင်းတရား မကောင်းဘူးဆိုတာကတော့ ဘုရားမကြိုက်တဲ့၊ လူတော်လူကောင်းများ မကြိုက်တဲ့ တားမြစ်ထားတဲ့အလုပ်များကို လုပ်ကိုင်ပြီး ကြီးပွားအောင်ကြိုးစားတဲ့သူများဟာ အကြောင်းတရား အမှားကို လက်ကိုင်ပြုထားတဲ့သူများဖြစ်ပါတယ်။ အဲဒီလို အကြောင်းတရား အမှားကိုလုပ်ကိုင်တဲ့အခါမှာလည်း ဖုံးဖိနိုင်အောင်လူသူတော်ကောင်းအဖြစ် ဟန်ဆောင်ရပါတယ်။ မကောင်းသောသူများနဲ့ ပေါင်းသင်းရပါတယ်။ အဲသည်လိုလူများဟာ သူတို့အချင်းချင်း ကွဲလို့ပင်ဖြစ်စေ၊ မကွဲဘဲနဲ့ သူတို့လုပ်ရပ်က မဖုံးနိုင်၊ မဖိနိုင်အောင် အဆိုးတရားတွေ များလာလို့ဖြစ်စေ ဥပဒေနဲ့ငြိစွန်းလာတတ်ပါတယ်။ မငြိစွန်းဘူးဆိုလည်း ပုံမှန်မဟုတ်တဲ့ လုပ်ရပ်များဟာ တိတိကျကျ တွက်ချက်လို့ မရတဲ့အတွက် အဆုံးအရှုံးနဲ့ ကြုံရတတ်ပါတယ်။ အဲသည်လို ငွေကြေးဥစ္စာ ဆုံးရှုံးသွားရင် ဂုဏ်သရေ ဆိုတာလည်း ပျောက်ကွယ်သွားမှာပါပဲ။ နာမည်ဆိုတာကလည်း မကောင်းသတင်းနဲ့သာ ကျော်ကြားလာမှာဖြစ်ပါတယ်။ အဲသည်အချိန်မှာတော့အစက ပြန်ကောက်လို့ မလွယ်တတ်ပါဘူး။

ကျွန်မတို့ ဗုဒ္ဓဘာသာမှာ နည်းလမ်းမှန်ကန်ပါမှ ရလဒ်ကလည်း မှန်ကန်တယ်လို့ လက်ခံကြပါတယ်။ တစ်နည်းပြောရရင် အကြောင်းတရားက အကောင်းစားတွေဖြစ်ပါမှ အကျိုးတရားက တကယ်မြတ်တဲ့ ရလဒ်များဖြစ်နိုင်ပါတယ်။ ဗုဒ္ဓဘာသာကသာ အကြောင်းတရားကို ဦးစားပေးတာ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ ဆောင်ရွက်တဲ့နေရာမှာလည်း အကြောင်းတရားကို ဦးစားပေးပါတယ်။ လိုချင်တဲ့ အကျိုးရလာဒ်ကို ဘယ်လိုအကြောင်းရင်းခံတွေရှိမှ ရနိုင်သလဲဆိုတာကို တွက်ချက်လုပ်ဆောင်ရတာပါပဲ။ အကျိုးကို ပြင်ချင်တယ်ဆိုရင် အကြောင်းကိုပြင်ရတာ သိပ္ပံနည်းကျတဲ့ အလုပ်သဘော ဖြစ်ပါတယ်။ သဘာဝတရားကလည်း အကြောင်းနဲ့အကျိုး ဆက်စပ်နေတာကို အမြဲပြနေတာပါပဲ။ သဘာဝတရား ဖောက်ပြန်တယ်ဆိုရင်တောင်မှ အကြောင်းမဲ့ မဖောက်ပြန်တတ်ပါဘူး။ ဖောက်ပြန်တဲ့ ဆိုးကျိုးပေါ်စေဖို့ အကြောင်းဆိုတာ ဘာလဲ ဆိုတာကို ရှာရင်တွေ့တာပါပဲ။

တကယ်လို့ အကြောင်းတရားများက ကြိုးပမ်းလုပ်ဆောင်ခြင်း၊ တော်တည့်မှန်ကန်ခြင်းဆိုတဲ့ ဖြောင့်မတ်တဲ့ အကြောင်းတရားများကို အခြေခံပြီး ထားမယ်ဆိုရင်တော့ အကျိုးတရားလည်း မွန်မြတ်တဲ့ အကျိုးတရားများ ဖြစ်လာပါလိမ့်မယ်။ အဓိကပြောချင်တဲ့ အကြောင်းကတော့ မပျင်းဖို့အကြောင်းဖြစ်ပါတယ်။ မပျင်းဖို့အကြောင်းကို ရောက်မယ့် အရေးမှာ အကြောင်းတရားတွေအကောင်းစားဖြစ်ဖို့ ပြောနေရတဲ့အတွက်အခုပြန်ကောက်ပါရစေ။

ကျွန်မတို့ပတ်ဝန်းကျင်မှာ မိမိနဲ့သက်ဆိုင်တဲ့အလုပ်ကို ကြိုးကြိုးကုပ်ကုပ် လုပ်နေတဲ့သူတိုင်းဟာ ဘာမှမကြာလိုက်ဘူးလို့ ထင်ရတဲ့အချိန်မှာ လူတော်တစ်ယောက်အဖြစ် အောင်မြင်ထင်ရှားလာတာကို တွေ့ရတတ်ပါတယ်။ အဲသည်လို တော်တဲ့လူလို့ အများက သိလာတဲ့အချိန်မှာ သူ့ဘ၀ တစ်သက်တာမှာ သူတစ်ယောက်တည်းသိတဲ့ အကျိုးကျေးဇူးများကို သူခံစားလာရတာ ကြာခဲ့ပြီဖြစ်ပါတယ်။ လူတော်တစ်ယောက်ရယ်လို့ အများက မသိကြခင်ကတည်းက သူ့ဟာသူ လုပ်မယ်လို့ ကိုယ်တိုင်ရွေးထားတဲ့အလုပ်ဖြစ်စေ၊ မင်းလုပ်ပါလို့ တာဝန်ပေးတဲ့အတွက် တာဝန်ယူထားရတဲ့အလုပ်ဖြစ်စေ "ပျင်းလိုက်တာနော်၊ ငါ အဲသည်အလုပ်ကို မကြိုက်ဘူး" လို့ ပြောမနေတတ်ပါဘူး။ ဒီအလုပ်ကို ငါနားလည်မှဖြစ်မယ်။ ငါဘယ်သူ့ကို ချဉ်းကပ်ပြီး ပညာယူရမလဲ၊ ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်ရမလဲ စသည်ဖြင့် အကြောင်းအရင်းခံကောင်းတွေကို ရှာပြီး အချိန်မဆိုင်းဘဲ လုပ်တတ်ပါတယ်။

အဲသည်လို မပျင်းမရိဘဲ ကြိုးစားပမ်းစားနဲ့ လေ့လာတဲ့အတွက် အသိပညာနယ်ပယ် ကျယ်ပြန့်သွားလို့ အကျိုးကို မကြာခင်အချိန်မှာပဲ ရရှိသွားမှာဖြစ်ပါတယ်။ အဲသည်နောက် လေ့လာမှုအရှိန်ကလည်း ကောင်းသွားပြီ ဖြစ်ပါတယ်။ အဲသည်လို အသိပညာနယ်ပယ်ကျယ်ပြန့်အောင် ခံထားရတဲ့ အကြောင်းကောင်းကတော့ မပျင်းရိခြင်း၊ တစ်နည်းဆိုရင် လုံ့လ၀ီရိယအား ကြီးမားခြင်းဆိုတဲ့ အကြောင်းကောင်းဖြစ်ပါတယ်။ ၀ီရိယအား ကြီးမားတဲ့ သူများဟာ စိတ်အင်အားလည်း ကြီးမားတတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံစားတတ်ပါတယ်။ သူများထံက အကူအညီရဖို့ကို "ကယ်မပါ၊ ပြုစုပါ၊ စောင့်ရှောက်ပါ၊ မွဲသွေ့သွေ့ မျက်နှာနဲ့ ကိုယ်ချမ်းသာရကြောင်း ငယ်ငေါင်းစုတ်ပဲ့ နုံနဲ့သည့် စကားများကို ယောင်မှား၍ဆိုမိလျှင် လျှာတိုအောင် ရိတ်ချင်၏" ဆိုတဲ့ ဦးပုည စာဆိုထဲကလိုပဲ ဘယ်သူ့ကိုမှ အောက်ကျို့ခြင်းမပြုဘဲ မိမိအားကို မိမိယုံကြည်ကိုးစားပြီး ရိုးရိုးသားသားစိတ်ထားနဲ့ ကြိုးစားတတ်ပါတယ်။အဲသည်လို ရိုးရိုးသားသားနဲ့ ကြိုးစားတဲ့သူဟာ ပေါ့ပေါ့ပျက်ပျက် စကားများကို မပြောတတ်သလို၊ ဣနြေ္ဒမဲ့တဲ့၊ ဟန်ချက်မညီတဲ့ အပြုအမူများကိုလည်း မပြုတတ်ပါဘူး။

ဝီရိယအားနဲ့ အလုပ်လုပ်တဲ့အခါမှာ သတိထားရပါမယ်။ ဖြစ်ချင်ဇောနဲ့ စိတ်အတက်ကြွလွန်ခဲ့ရင် စိတ်ပျံ့လွင့်သွားတတ်ပါတယ်။ စိတ်ကပျံ့လွင့်ပြီး မတည်မငြိမ်ဖြစ်သွားရင် တော်တော့ တော်ပါရဲ့ သုံးလို့မဖြစ်ဘူးဆိုတဲ့ လူအမျိုးအစားထဲမှာ ပါသွားတတ်ပါတယ်။ စိတ်ပျံ့လွင့်ခြင်း မဖြစ်ပေါ်အောင် မိမိလုပ်နေတဲ့ အလုပ်ဟာ အားစိုက်တာလွန်နေသလား၊ အားစိုက်တာ လွဲနေသလားဆိုတာကို မိမိဘာသာ ပြန်လည်ဆန်းစစ်ပေးဖို့ လိုအပ်ပါတယ်။ မိမိစိတ်ထဲမှာ ဖြစ်ချင်ဇောနဲ့ ဟုန်နေသလား ဆိုတာကိုလည်း သတိနဲ့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ အားစိုက်တာကို မလွန်အောင် သတိထားဖို့လိုသလို မလျော့ပါးဖို့ကိုလည်း သတိထားရပါမယ်။ တစ်ခါတရံမှာ ပျင်းရိတတ်ပါတယ်။ နားမယ်ဆိုပြီး တကယ်လည်း စိတ်ရောလူပါ အနားမရဘဲနဲ့ အခုခေတ်မှ ပေါများတဲ့ ဖျော်ဖြေစရာများနဲ့ ပင်ပန်းနေတတ်ပါတယ်။

ကျွန်မလည်း အဲသည်လူစုထဲမှာပါတတ်ပါတယ်။ မပါဘူးဆိုရင် ညာရာကျမှာပေါ့။ ဒါပေမဲ့ နှစ်ပေါင်းများစွာ မိမိကိုယ်ကို သတိပေးတတ်တဲ့ အကျင့်ကပါပြီးနေလေတော့ "မတင်ဝင်းရေ ထထ၊ အလုပ်နဲ့ဘ၀ကို တည်ဆောက်ထားရတာ၊ မပျင်းနဲ့အလုပ်လုပ်ပေတော့" လို့ ကိုယ့်ဘာသာကိုယ် ပြောရပါတယ်။ စိတ်ထဲကတင် ပြောရတာ မဟုတ်ပါဘူး။ နှုတ်ကထွက်ပြီးပြောတာပါ။ အဲသည်လို မိမိကိုယ်ကို ကျင့်ထားမိတော့ အလုပ်မလုပ်ဘဲနေရရင် စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရပါတယ်။ အဲသည်တော့ ကျွန်မစာတွေကို ဘယ်လိုရေးသလဲလို့ မကြာခဏ အမေးခံရတဲ့အခါမှာ ကျွန်မက အချိန် သတ်မှတ်မထားဘဲ အချိန်ရတိုင်း ထိုင်ရေးတတ်ပါတယ်လို့ ဖြေလိုက်ပါတယ်။ နေ့မှာမှ ရေးမယ်၊ ညမှာမှ ရေးမယ်လို့ အချိန်သတ်မှတ်မထားတာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ စာရေးတာကိုမှအလုပ်လို့ သတ်မှတ်မထားပါဘူး။ ဆရာတော်များကို လျှောက်ထားမေးမြန်းပြီး ဟောပြောမိန့်ဆိုတာကို နာယူရတာ လည်း အလုပ်ဖြစ်ပါတယ်။ လူကြီးများနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။ လူငယ်များနဲ့ စကားပြောတာလည်း အလုပ်ဖြစ်ပါတယ်။

ဆရာတော်များရဲ့ မိန့်ဆိုစကားများဟာ မြတ်စွာဘုရားရဲ့ တရားတော်များဖြစ်တဲ့အတွက် မိမိမှာရှိတဲ့ သံသယများ၊ မသိနားမလည်မှုများကို ရှင်းလင်းစေပါတယ်။ လူကြီးများနဲ့ စကားပြောတော့ သက်ကြီးစကားလေ။ အထပ်ထပ် မီးပြင်းထိုးထားတဲ့ ရွှေစင်ရွှေသားဟာ သန့်စင်ဝင်းလက် နေသလိုပါပဲ။ လောကဓံအမျိုးမျိုးထဲက တိုးထွက်လာတဲ့ လူကြီးစကားများက အဖိုးတန်ပါတယ်။ လူငယ်များဟာ သူတို့ဘ၀နဲ့ ထင်ဟပ်တဲ့ စကားများကို ပြောတတ်တော့ သူတို့ဆီကလည်း ပညာရသလို၊ သူတို့ကိုစေတနာထားပြီး ပြောနေရင်း မိမိစကားများဟာ ပိုပြီး နူးညံ့လာတတ်ပါတယ်။ ကိုယ့်စကားများကို ခေါင်းစဉ်လုပ်ပြီး စာပြန်ရေးရင်လည်းအများအတွက် စဉ်းစားစရာ အချက် အလက်များ ရလာနိုင်ပါတယ်။

နိဂုံးချုပ်မှာ ပြောချင်တာကတော့ တော်တယ်လို့ သူများက ချီးမွမ်းတာကိုခံရင်း ဒုက္ခပဲ၊ ငါမသိတာများ မေးလိုက်ရင်ကွဲပြီလို့ ချွေးဒီးဒီးကျပြီး စိတ်မဆင်းရဲရလေအောင် တကယ်တတ်၊ တကယ်တော်တဲ့သူဖြစ်ရမယ်။ တကယ်တတ်၊ တကယ်တော်ချင်ရင် မပျင်းပါနဲ့။
                                                                    

ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)

Written by : Your Name - Describe about you

Lorem ipsum dolor sit amet, consectetur adipiscing elit. Etiam id libero non erat fermentum varius eget at elit. Suspendisse vel mattis diam. Ut sed dui in lectus hendrerit interdum nec ac neque. Praesent a metus eget augue lacinia accumsan ullamcorper sit amet tellus.

Join Me On: Facebook | Twitter | Google Plus :: Thank you for visiting ! ::

0 comments:

Post a Comment

Blogger Widgets